Region & State Rule(Myanmar)

တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး
မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပရေး
စည်းကမ်းသတ်မှတ်ချက်များ

နိဒါန်း

၁။ မျက်မှောက်ကာလတွင် နိုင်ငံတကာကိုယ်ခံပညာအားကစားနည်းများနှင့်မတူကွဲပြား တမူထူးခြားသော ရိုးရာ အမွေအနှစ် မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို စိတ်ပါဝင်စားမှုမြင့်တက်လျက်ရှိရာ ပြည်တွင်းတွင်သာမက နိုင်ငံ တကာသို့ပါ ထိုးဖောက်ရောက်ရှိနေပြီဖြစ်ပါသည်။ ဆုကြေးစား အားကစားအဆင့်အဖြစ် ပြည်တွင်း၊ ပြည်ပ ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးများ ကျင်းပလျက်ရှိရာ နိုင်ငံတကာကိုယ်ခံအားကစားနည်းပေါင်းစုံမှ အားကစားသမားများလည်း မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ထိုးသတ်လျက်ရှိပါသည်။ ဤကဲ့သို့ ဆုကြေးစားအဆင့် တက်လှမ်းနေသော မြန်မာ့ရိုးရာလက်ဝှေ့အားကစား အရှိန်အဟုန်မပျက်တိုးတက်ပြီး အခြေခံခိုင်မာစေရန်မှာ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးမှ ရိုးရာလက်ဝှေ့သမားများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြည်နယ်တိုင်းများမှ ရိုးရာလက်ဝှေ့အားကစား သမားများ အားစမ်းယှဉ်ပြိုင် အတွေ့အကြုံကောင်းများရရှိရေးအတွက် စနစ်တကျကျင်းပပေးရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို စနစ်တကျကျင်းပနိုင်ရန်အတွက် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့် စည်းကမ်းသတ်မှတ်ချက်များကို ရေးဆွဲထုတ်ပြန်အပ်ပါသည်။

စည်းမျဉ်းဥပဒေများ

၂။ (က) စည်းမျဉ်းဥပဒေဆိုသည်မှာ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့ ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းဥပဒေကို ဆိုလိုသည်။
(ခ) ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဆိုသည်မှာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးတို့ ပါဝင်ဖွဲ့စည်းထားသော ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီကို ဆိုလိုသည်။
(ဂ) ခုံသမာဓိအဖွဲ့ဆိုသည်မှာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(ယှဉ်/လေ့)၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် အတွင်းရေးမှူးတို့ ပါဝင်ဖွဲ့စည်းထားသော ခုံသမာဓိအဖွဲ့ကို ဆိုလိုသည်။
(ဃ) ပြိုင်ပွဲကျင်းပရေးကော်မတီဆိုသည်မှာ အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းကိုယ်စားလှယ် များ ပါဝင်ဖွဲ့စည်းထားသော ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပရေးကော်မတီကို ဆိုလိုသည်။

အခန်း(၂)
ပြိုင်ပွဲအမည်

၃။ ဤပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးရိုးရာလက်ဝှေ့တံခွန်စိုက်ပြိုင်ပွဲဟု ခေါ်တွင် စေရမည်။

အခန်း (၃)
ပြိုင်ပွဲကျင်းပမည့်အမျိုးအစားများ

အမျိုးသား

၅။ အမျိုးသားရိုးရာလက်ဝှေ့ပြိုင်ပွဲများကို အောက်ပါအဆင့်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည် –
(က) အမျိုးသား (က) အဆင့်ပြိုင်ပွဲ
(ခ) အမျိုးသား (ခ) အဆင့်ပြိုင်ပွဲ
(ဂ) အမျိုးသား (ဂ) အဆင့်ပြိုင်ပွဲ
(ဃ) အမျိုးသားလူသစ်တန်းပြိုင်ပွဲ

အမျိုးသမီး

၆။ အမျိုးသမီးရိုးရာလက်ဝှေ့ပြိုင်ပွဲများကို အောက်ပါအဆင့်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်-
(က) အမျိုးသမီးအလွတ်တန်းအဆင့်ပြိုင်ပွဲ
(ခ) အမျိုးသမီးပြည်တွင်းအဆင့်ပြိုင်ပွဲ

(က) အမျိုးသမီးအလွတ်တန်းအဆင့်ပြိုင်ပွဲ
အမျိုးသမီးအလွတ်တန်းအဆင့်ပြိုင်ပွဲဆိုင်သည်မှာ နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်ထိုးသတ် ဘူးသူများကိုသာ ဆိုလိုသည်။
(ခ) အမျိုးသမီးပြည်တွင်းအဆင့်ပြိုင်ပွဲ
အမျိုးသမီးပြည်တွင်းအဆင့်ပြိုင်ပွဲဆိုသည်မှာ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ဘူးသူများမှအပ မည်သူ မဆို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသည်။

ကိုယ်အလေးချိန်အတန်းများ၊ အချိန်/အချိန်သတ်မှတ်ချက်နှင့် ဆေးစစ်ခြင်း၊ ကိုယ်အလေးချိန်ခြင်း

၇။ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားပြိုင်ပွဲများအတွက် ကိုယ်အလေးချိန်အတန်းများကို အောက်ပါအတိုင်း သတ်မှတ်ပါသည် –
(က) လိုက်ဖလိုင်းဝိတ်တန်း ၄၈ ကီလို
(ခ) ဖလိုင်း ၀ိတ်တန်း ၅၁ ကီလို
(ဂ) ဘင်တန် ၀ိတ်တန်း ၅၄ ကီလို
(ဃ) ဖယ်သာ ၀ိတ်တန်း ၅၇ ကီလို
(င) လိုက် ၀ိတ်တန်း ၆၀ ကီလို
(စ) လိုက်ဝေါလ်တာ ၀ိတ်တန်း ၆၃.၅ ကီလို
(ဆ) ဝေါလ်တာ ၀ိတ်တန်း ၆၇ ကီလို
(ဇ) လိုက်မယ်ဒယ် ၀ိတ်တန်း ၇၁ ကီလို
(ဈ) မစ်ဒယ်ဝိတ်တန်း ၇၅ ကီလို
(ည) လိုက်ဟဲဗီး ၀ိတ်တန်း ၈၁ ကီလို

၈။ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးပြိုင်ပွဲအတွက် ကိုယ်အလေးချိန်အတန်းများကို အောက်ပါအတိုင်း သတ်မှတ်ပါသည် –
(က) လိုက်ဖလိုင်းဝိတ်တန်း ၄၈ ကီလို
(ခ) ဖလိုင်း ၀ိတ်တန်း ၅၁ ကီလို
(ဂ) ဘင်တန် ၀ိတ်တန်း ၅၄ ကီလို
(ဃ) ဖယ်သာ ၀ိတ်တန်း ၅၇ ကီလို
(င) လိုက် ၀ိတ်တန်း ၆၀ ကီလို
(စ) လိုက်ဝေါလ်တာ ၀ိတ်တန်း ၆၃.၅ ကီလို
(ဆ) ဝေါလ်တာ ၀ိတ်တန်း ၆၇ ကီလို

၉။ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးပြိုင်ပွဲအတွက် အချိန်နှင့်အချီများကို အောက်ပါအတိုင်း သတ်မှတ်ပါသည် –
(က) အမျိုးသား (က)အဆင့်ပြိုင်ပွဲ
၃ မိနစ်ထိုး ၂ မိနစ်နား (၅)ချီ
(ခ) အမျိုးသား (ခ)အဆင့်ပြိုင်ပွဲ
၃ မိနစ်ထိုး၂ မိနစ်နား (၄)ချီ
(ဂ) အမျိုးသား (ဂ)အဆင့်ပြိုင်ပွဲ
၃ မိနစ်ထိုး ၂ မိနစ်နား (၃)ချီ
(ဃ) အမျိုးသားလူသစ်တန်းပြိုင်ပွဲ
၃ မိနစ်ထိုး ၂ မိနစ်နား (၃)ချီ
(င) အမျိုးသမီးပြိုင်ပွဲ
(အလွတ်တန်း) ၃ မိနစ်ထိုး ၂ မိနစ်နား (၃)ချီ
(ပြည်တွင်းအဆင့်) ၂ မိနစ်ထိုး ၂ မိနစ်နား (၃)ချီ

၁၀။ ဆေးစစ်ခြင်းနှင့် ကိုယ်အလေးချိန်ခြင်းပြုလုပ်မည့်ရက်(က) ပြိုင်ပွဲမစမှီ ဆေးစစ်ခြင်းနှင့် ကိုယ်အလေးချိန်ခြင်းကို နံနက် (၀၈း၀၀) နာရီအချိန်မှ (၁၀း၀၀) နာရီ အချိန်အတွင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။
(ခ) ပြိုင်ပွဲယှဉ်ပြိုင်မည့်နေ့များတွင် ကိုယ်အလေးချိန်ခြင်းနှင့် ဆေးစစ်ခြင်းကို နံနက်(၀၈း၀၀)နာရီမှ (၀၉း၀၀)နာရီအတွင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်အသင်းများရောက်ရှိရမည့်ရက်
၁၁။ ပြိုင်ပွဲအသင်းများအားလုံး ပြိုင်ပွဲမစမှီ (၁)ရက်ကြိုတင်၍ နောက်မကျဘဲ ရောက်ရှိရမည်ဖြစ်ပါသည်။

အခန်း (၄)
ပြိုင်ပွဲကျင်းပမည့်စည်းမျဉ်း

၁၂။ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ရိုးရာလက်ဝှေ့တံခွန်စိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က အတည်ပြုထားသော မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲစည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ပြိုင်ပွဲအားလုံးကို အမှတ်ပေးစနစ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အခန်း (၅)
ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခြင်း

၁၃။ လက်ဝှေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများအလိုက်သာ ပါဝင်ယှဉ်ပြိုင်ရမည်။

ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူများ
၁၄။ (က) အထွေထွေကန့်သတ်ချက်
(၁) ပြည်ထောင်စုမြန်မာနိုင်ငံသားများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
(၂) တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားနှင့်အမျိုးသမီးအတွက် အသက်ကန့်သတ်ချက် (အသက် ၁၇-နှစ်ပြည့်ပြီး ၄၀-နှစ်ထက်မကြီးရ)
(၃) နိုင်ငံသားစိစစ်ရေးကဒ်ပြားတင်ပြရပါမည်။ အကယ်၍ ပျောက်ဆုံးပျက်စီးနေလျှင် သော်လည်းကောင်း၊ မပြုလုပ်ရသေးလျှင်သော်လည်းကောင်း၊ မတင်ပြနိုင်ပါက ထိုသို့ ဖြစ်ရခြင်းမှန်ကန်ကြောင်း၊ ယင်း၏ မွေးနေ့သက္ကရာဇ်တို့ကိုဖော်ပြ၍ နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်ကို သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံချက်ပါရှိရပါမည်။
(၄) တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားနှင့်အမျိုးသမီး ရိုးရာလက်ဝှေ့တံခွန်စိုက်ပြိုင်ပွဲ အတွက် သတ်မှတ်ထားသည့် ကိုယ်အလေးချိန်အတန်းများအလိုက် တစ်တန်းလျှင် (၁)ဦး ကျစီ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပါသည်။
(၅) ကိုယ်အလေးချိန်တန်းအလိုက် အမှန်တကယ်ယှဉ်ပြိုင်မည့်သူများကိုသာ အသင်းများတွင် ဖွဲ့စည်းခေါ်ယူခဲ့ရပါမည်။ အရန်သဘောမျိုး ခေါ်ယူခဲ့ခြင်းနှင့် ပြိုင်ပွဲဝင်အဆင့် မမှန်ကန်သူ များအား ခေါ်ယူခွင့်မပြု။

(ခ) လက်ဝှေ့သမားအရည်အချင်းကန့်သတ်ချက်
(၁) တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားအဆင့် အရည်အချင်းသတ်မှတ်ချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည် –
(ကက) (က)အဆင့်ပြိုင်ပွဲတွင် ရွှေခါးပတ်ချန်ပီယံများ၊ ဒဂုံအောင်လံဆုရှင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (က)အဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရဖူးသူများ ပါဝင် ခွင့်မပြု။
(ခခ) (ခ)အဆင့်ပြိုင်ပွဲတွင် (၅)ချီစိန်ခေါ်ပွဲထိုးဖူးသော လက်ဝှေ့သမားများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် (ခ)အဆင့်ရွှေတံဆိပ်ရရှိဖူးသူများမှအပ (၄)ချီ (၃)ချီစိန်ခေါ်ပွဲ ထိုးဖူးသူများ ယှဉ်ပြိုင်ခွင့်ရှိသည်။
(ဂဂ) (ဂ)အဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်(ဂ)အဆင့် ရွှေတံဆိပ်ရရှိ ဖူးသူများနှင့် (ခ)အဆင့်မထိုးဖူးသူများ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
(ဃဃ) လူသစ်တန်းပြိုင်ပွဲတွင် (၅)ချီစိန်ခေါ်ပွဲနှင့် (၄)ချီ၊ (၃)ချီပြိုင်ပွဲများတွင် ဆုရဖူး သူများ၊ နိုင်ငံတကာပြိုင်ပွဲထိုးဖူးသူများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် လူသစ်တန်းပထမရွှေတံဆိပ်ရရှိဖူးသူများ ပါဝင်ခွင့်မပြု။
(၂) တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသမီးအဆင့် အရည်အချင်းသတ်မှတ်ချက်မှာ အပိုဒ် (၆) (ခ)ပါ သတ်မှတ်ချက်များအတိုင်း ကိုယ်အလေးချိန်တန်းကိုရရှိပါက ပါဝင်ယှဉ်ပြိုင်ခွင့် ပြုသည်။

(ဂ) အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်လူကြီးများလိုက်ပါခွင့်
(၁) တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားနှင့်အမျိုးသမီး ရိုးရာလက်ဝှေ့တံခွန်စိုက်ပြိုင်ပွဲတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီမှ အသိ အမှတ်ပြု အုပ်ချုပ်သူ (၁)ဦး၊ အားကစားသမားအရေအတွက်သတ်မှတ်ချက်အရ နည်းပြ ဦးရေနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် အသိအမှတ်ပြုဒိုင်လူကြီး(၁)ဦး လိုက်ပါခွင့် ရှိသည်။

(၂) တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားနှင့်အမျိုးသမီး ရိုးရာလက်ဝှေ့တံခွန်စိုက်ပြိုင်ပွဲ အားလုံးအတွက် လက်ဝှေ့သမား (၁၈)ဦးနှင့်အထက်ရှိ အသင်းများအား နည်းပြ (၄)ဦး၊ လက်ဝှေ့သမား (၈)ဦးမှ (၁၇)ဦးအထိအသင်းများအား နည်းပြ (၃)ဦး၊ လက်ဝှေ့သမား (၁)ဦးမှ (၇)ဦးအထိအသင်းများအား နည်းပြ (၂)ဦး လိုက်ပါခွင့်ရှိပါသည်။

(၃) အမျိုးသမီးပြိုင်ပွဲဝင်အားကစားသမားများပါရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် များမှ အမျိုးသမီးအုပ်ချုပ်သူ (၁)ဦး ခေါ်ဆောင်လာရမည်။

အခန်း (၆)
ပြိုင်ပွဲဝင်များ စာရင်းပေးသွင်းခြင်း

၁၅။ ပြိုင်ပွဲကျင်းပရေးကော်မတီမှ သတ်မှတ်ထားသော ပြိုင်ပွဲဝင်ပုံစံများကို ပြိုင်ပွဲဝင်အသင်းများသို့ ပေးပို့သည့် စည်းကမ်းသတ်မှတ်ချက်တွင် ပူးတွဲဖော်ပြထားပါသည်။
၁၆။ သတ်မှတ်ထားသောပြိုင်ပွဲဝင်ပုံစံများကို ပြည့်စုံစွာရေးသွင်းဖြည့်စွက်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာ လက်ဝှေ့ပြိုင်ပွဲကျင်းပရေးကော်မတီသို့ ဆေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်ခြင်းနှင့် ပွဲစဉ်ရေးဆွဲခြင်းမတိုင်မီ ပေးပို့ရပါမည်။

အခန်း (၇)
ပြိုင်ပွဲဝင်များစီစစ်ခြင်း

၁၇။ ပြိုင်ပွဲဝင်အသီးသီးမှ ပေးပို့ထားသော သတ်မှတ်ပြိုင်ပွဲဝင်ပုံစံများကို ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများပါဝင်သော အစည်းအဝေးတွင် ပြိုင်ပွဲဝင်အားကစား သမားများအား စီစစ်၍ နောက်ဆုံးပယ်ဖျက်ခြင်း၊ အတည်ပြုခြင်းပြုလုပ်မည်ဖြစ်ပါသည်။
၁၈။ ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ပြိုင်ပွဲမကျင်းပမီတစ်ရက် ကြိုတင် ကိုယ်အလေးချိန်ပြီးနောက် ပြုလုပ်မည်ဖြစ်ပါသည်။ ၄င်းနောက် ပွဲစဉ်ဇယားရေးဆွဲခြင်း ပြုလုပ်မည် ဖြစ်ပါသည်။
၁၉။ ပြိုင်ပွဲကျင်းပရေးကော်မတီမှ အတည်ပြု၍ ပွဲစဉ်ဇယားတွင်ထည့်သွင်းထားသည့် အားစားသမားကို ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်းမရှိစေရပါ။

ကျန်းမာရေးစစ်ဆေးခြင်း
၂၀။ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး တစ်ဦးချင်းကျန်းမာမှုပြည့်စုံ၍ ပြိုင်ပွဲဝင်နိုင်ကြောင်းကို သက်ဆိုင်ရာ မြိုကနယ်ဆေးရုံများတွင် ပြိုင်ပွဲသို့မလာရောက်မီ ကြိုတင်ဆေးစစ်ခံယူရပါမည်။ ဆေးစစ်ဆေးခြင်း အောင်မြင်မှုလက်မှတ်များကို ပြိုင်ပွဲသို့လာရောက်သည့်အခါ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ ပေးအပ် ရပါမည်။ ဆေးစစ်ဆေးခြင်း အောင်မြင်ကြောင်း လက်မှတ်မတင်ပြနိုင်ပါက ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ထိုသို့ဖြစ်ရခြင်းအတွက် သက်ဆိုင်ရာပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများတွင် လုံးဝ (လုံးဝ)တာဝန်ရှိမည် ဖြစ်ပါသည်။
၂၁။ ပြိုင်ပွဲဝင်အားလုံး တားမြစ်ဆေးဝါးသုံးစွဲခြင်းနှင့်ပတ်သက်၍ လိုအပ်ပါက ဆေးစစ်ခြင်းခံရပါမည်။

အခန်း (၈)
ကန့်ကွက်ခြင်း

၂၂။ ပြိုင်ပွဲကာလအတွင်း တစ်စုံတစ်ရာကန့်ကွက်လိုလျှင် စပေါ်ငွေကျပ် ၅၀၀၀၀ိ/- ပေးသွင်း၍ ခုံသမာဓိအဖွဲ့ထံ တင်ပြနိုင်သည်။ တင်ပြချက်မှန်ကန်ကြောင်း ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ပါက စပေါ်ငွေကို ပြန်လည်ပေးအပ်မည်ဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း ခုံသမာဓိအဖွဲ့ဆုံးဖြတ်ပါက စပေါ်ငွေပြန်အမ်းမည်မဟုတ်၊ မည်သို့ပင်ဖြစ်စေ ကန့်ကွက်မှုကြောင့် ပြိုင်ပွဲ၏အရှုံးအနိုင်ကို ပြင်ဆင်ပြောင်းလဲမည်မဟုတ်။

အခန်း (၉)
တံခွန်စိုက်ဆုချီးမြှင့်ခြင်း

၂၃။ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားနှင့်အမျိုးသမီး ရိုးရာလက်ဝှေ့တံခွန်စိုက်ပြိုင်ပွဲအတွက် တံခွန်စိုက် ဆုများ ချီးမြှင့်ခြင်းကို ရိုးရာလက်ဝှေ့သမားများ၏ အဆင့်အလိုက် ကိုယ်အလေးချိန်အတန်းလိုက်ရရှိသော ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကိုရေတွက်၍ ချီးမြှင့်မည်ဖြစ်ပါသည်။ တံခွန်စိုက်ဆုများနှင့် တစ်ဦးချင်းဆုချီးမြှင့်မှုကို အောက်ပါ အတိုင်း သတ်မှတ်ပါသည် –
(က) တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားပြိုင်ပွဲအဆင့် (၄)ဆင့်နှင့် အမျိုးသမီး ပြိုင်ပွဲအဆင့် စုစုပေါင်း အဆင့် (၅)ဆင့်အားလုံးကို အဆင့်အလိုက် တံခွန်စိုက်ဆုတစ်ခုစီ ချီးမြှင့်ပါမည်။
(ခ) အမျိုးသားနှင့်အမျိုးသမီးအဆင့်အားလုံးမှ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ စုပေါင်း၍ တိုင်းဒေသကြီး နှင့် ပြည်နယ် တံခွန်စိုက်ဆုကို ချီးမြှင့်ပါမည်။ တစ်ဦးချင်းရရှိသည့် ရွှေ၊ ငွေ၊ ကြေး တံဆိပ်များအား ရေတွက်၍ ရွှေအများဆုံးရရှိသည့် အသင်းတူညီနေလျှင် ငွေအများဆုံးရရှိသည့်အသင်းနှင့် ထပ်မံ တူညီနေလျှင် ကြေးအများဆုံးရရှိသည့်အသင်းအား ချီးမြှင့်ပါမည်။
မှတ်ချက် ။ အကယ်၍ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များအားလုံး တူညီနေပါက ပူးတွဲတံခွန်စိုက် အဖြစ် သတ်မှတ်မည်။
(ဂ) ကိုယ်အလေးချိန်တန်းတစ်တန်းလျှင် ပြိုင်ပွဲဝင်အသင်းအနည်းဆုံး (၃)သင်း ပါဝင်ယှဉ်ပြိုင်လျှင် တံခွန်စိုက်ပြိုင်ပွဲအဖြစ် သတ်မှတ်ပါမည်။
(ဃ) ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ချီးမြှင့်ပါမည်။
(င) အဆင့်အလိုက် အကောင်းဆုံးရိုးရာလက်ဝှေ့သမားရွေးချယ်၍ အဆင့်အလိုက် အကောင်းဆုံး ရိုးရာလက်ဝှေ့သမားဆု ချီးမြှင့်ပါမည်။
(စ) ပြိုင်ပွဲတွင် ပြစ်ချက်တစ်စုံတစ်ရာကျူးလွန်၍ ထုတ်ပယ်ခြင်းခံရသော ရိုးရာလက်ဝှေ့သမားအား မည်သည့်ဆုတံဆိပ်မျှ ခံစားခွင့်မပြု။
(ဆ) တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲတွင် ပြိုင်ပွဲတစ်ပွဲမှ ယှဉ်ပြိုင်ထိုးခဲ့ခြင်းမရှိသော လက်ဝှေ့သမားကို ဆုတံဆိပ်ပေးအပ်ခြင်းမပြု။

အခန်း (၁၀)
ဆုံးဖြတ်ချက်နှင့် အတည်ပြုခြင်း

၂၄။ ရိုးရာလက်ဝှေ့ပြိုင်ပွဲစည်းမျဉ်းဥပဒေများကို အဓိပ္ပါယ်ကောက်ယူရာတွင်လည်းကောင်း၊ စည်းမျဉ်းဥပဒေ များတွင် မပါဝင်သည့်ကိစ္စအ၀၀နှင့်ပတ်သက်၍လည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ အဆုံးအဖြတ်သည် နောက်ဆုံးအတည်ဖြစ်စေရမည်။

အခန်း (၁၁)
စည်းမျဉ်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ဖျက်သိမ်းခြင်း

၂၅။ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီသည် စည်းမျဉ်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ဖျက်သိမ်းခြင်း တို့ကို ဆောင်ရွက်ခွင့်ရှိသည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်

© 2019~2020. All Right Reserved by Myanmar Traditional Boxing Federation (Lethwei)