Golden Belt Rule(Myanmar)

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ
ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ

အခန်း (၁)
ကျင်းပမည့်ပြိုင်ပွဲအမျိုးအစား

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ

အခန်း (၂)
ပါဝင်မည့်ကိုယ်အလေးချိန်ဝိတ်တန်းများ (အမျိုးသား)

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပါဝင်မည့်ကိုယ်အလေးချိန်ဝိတ်တန်းများ(အမျိုးသား)
(က) ဖလိုင်း ၀ိတ်တန်း ၅၁ ကီလို
(ခ) ဘင်တန် ၀ိတ်တန်း ၅၄ ကီလို
(ဂ) ဖယ်သာ ၀ိတ်တန်း ၅၇ ကီလို
(ဃ) လိုက် ၀ိတ်တန်း ၆၀ ကီလို
(င) လိုက်ဝေါလ်တာ ၀ိတ်တန်း ၆၃.၅ ကီလို
(စ) ဝေါလ်တာ ၀ိတ်တန်း ၆၇ ကီလို
(ဆ) လိုက်မယ်ဒယ် ၀ိတ်တန်း ၇၁ ကီလို

 

အခန်း (၃)
ပြိုင်ပွဲဝင်အဆင့်သတ်မှတ်ချက်

ပထမတန်းအဆင့်လက်ဝှေ့သမားများမှအပ ရွှေခါးပတ်ချန်ပီယံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရွှေတံဆိပ်ဆုရှင်များ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုပါသည်။

 

အခန်း (၄)
အချိန်နှင့် အချီအရေအတွက်သတ်မှတ်ခြင်း.

ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၃ မိနစ်ထိုး ၂ မိနစ်နား (၅)ချီ ယှဉ်ပြိုင်ထိုးသတ်ရပါမည်။

 

အခန်း (၅)
ဝတ်စုံသတ်မှတ်ခြင်း

၁။ လက်ဝှေ့သမားတစ်ဦးသည် မိမိကျရာဒေါင့်အလိုက် အပြာဘောင်းဘီ (သို့) အနီဘောင်းဘီဝတ်ဆင်ရမည်။
၂။ အားကစားသမားတစ်ဦးသည် အပြာရောင်ဘောင်းဘီတို (၁)ထည်၊ အနီရောင်ဘောင်းဘီတို (၁)ထည် ထားရမည်။
၃။ လက်သည်းခြေသည်းများကို တိုပြီး ညင်သာစွာလှီးဖြတ်ထားရမည်။
၎။ ရိုးရာအလိုက် လက်ဖွဲ့နှင့်အဆောင်များကို စနစ်တကျသပ်ရပ်စွာချည်နှောင်ထားနိုင်သည်။
၅။ သို့ရာတွင် ၄င်းတို့မကြာခဏပြုတ်ကျခြင်း၊ တစ်ဖက်အားကစားသမားအား အနှောင့်အယှက်ပေးရန် ရည်ရွယ်၍ ချည်နှောင်ခြင်းမပြုလုပ်ရ။ လက်ကောက်ဝတ်တွင်ဖြစ်စေ၊ လက်မောင်းတွင်ဖြစ်စေ ချည်နှောင် ရမည်။
၆။ ခြေမျက်စေ့စွပ်နှင့် ဒူးစွပ်ကို ၀တ်ဆင်ကစားနိုင်သည်။ သို့ရာတွင် အန္တရယ်ဖြစ်သောပစ္စည်းများကို ထည့်သွင်း ထားခြင်းမရှိစေရ။
၇။ သတ်မှတ်သည့်အတိုင်း ၀တ်ဆင်ခြင်းမပြုသော ကစားသမားအား ပြိုင်ပွဲတွင်ပါဝင်ခြင်းမပြုရ။
၈။ ဘောင်းဘီတွင် မိမိအသင်းအမည်နှင့် တံဆိပ် (သို့) ပြိုင်ပွဲတွင် ကမကထပြုလုပ်သူ ကုမ္ပဏီအမှတ်တံဆိပ် စာတမ်းများမှအပ အခြားစာတမ်းပါသော ဘောင်းဘီဝတ်ဆင်ခွင့်မပြု။
၉။ နာရီ၊ ခါးပတ်၊ လက်ကောက်၊ ဆွဲကြိုး၊ လက်စွပ်၊ နာသံသီး၊ နားကွင်းများ ၀တ်ဆင်၍ ကစားခြင်းမရှိစေရ၊ ၀တ်ဆင်ထားပါက ချက်ခြင်းချွတ်ခိုင်းရမည်။
၁၀။ အားကစားသမားတိုင်းသည် ဘောကာများ ၀တ်ဆင်အသုံးပြုစေရမည်။
၁၁။ ရိုးရာလက်ဝှေ့သမားတစ်ဦးသည် ပြိုင်ပွဲတွင် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများကို သပ်ရပ်စွာရိတ်၍ ယှဉ်ပြိုင်ရမည်။
၁၂။ ပြိုင်ပွဲဝင်အားကစားသမားသည် သွားဖုံးကာတပ်ဆင်အသုံးပြုနိုင်သည်။
၁၃။ ပြိုင်ပွဲဝင်အားကစားသမားသည် ကပ္ပာယ်အိပ်အကာ မဖြစ်မနေ၀တ်ဆင်ရမည်။

 

အခန်း (၆)
ကျန်းမာရေးဆေးစစ်ခြင်း၊ ကိုယ်အလေးချိန်ခြင်း

၁။ ပြိုင်ပွဲဝင်မည့်အားကစားသမားသည် ကျင်းပရေးကော်မတီ၊ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ သတ်မှတ်တာဝန် ချထားပေးသည့် ဆရာဝန်ထံ ဆေးစစ်ဆေးခြင်းနှင့် ကိုယ်အလေးချိန်ခြင်းပြုလုပ်ရမည်။
၂။ ဆရာဝန်မှ ဆေးမစစ်ရသေးသော ကစားသမားနှင့် မထောက်ခံသောကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြု။ ကူးစက် / (B) ပိုး / (C) ပိုး မရှိသူများဖြစ်ရမည်။
၃။ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး ပြိုင်ပွဲမတိုင်မီ (၁)ရက်အလိုတွင် ကိုယ်အလေးချိန်ခြင်းနှင့် ဆေးစစ် ခြင်းများကို နံနက် (၈း၀၀)နာရီမှ (၁၀း၀၀)နာရီအတွင်း ပြုလုပ်ရမည်။
၎။ ဆေးစစ်ခြင်းနှင့် ကိုယ်အလေးချိန်ခြင်းပြီးစီးပါက ပွဲစဉ်ရေးဆွဲခြင်းများကို ဆက်လက်ပြုလုပ်သွားမည်။
၅။ ပြိုင်ပွဲယှဉ်ပြိုင်မည့်နေ့တိုင်းတွင် ယှဉ်ပြိုင်မည့်လက်ဝှေ့သမားတိုင်း နေ့စဉ် နံနက် (၈း၀၀)နာရီမှ (၁၀း၀၀) နာရီအတွင်း ကိုယ်အလေးချိန်ခြင်းနှင့် ဆေးစစ်ခြင်းများ ပြုလုပ်ရမည်။
၆။ ကိုယ်အလေးချိန်ရာတွင် ကျင်းပရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအုပ်ချုပ်သူများရှေ့တွင် ချိန်ယူ ရမည်။
၇။ ကိုယ်အလေးချိန်-ချိန်တွယ်ရာတွင် အတွင်းခံဘောင်းဘီဖြင့်သာ ၀တ်ဆင်ချိန်တွယ်ရမည်။

အခန်း (၇)
ပွဲစဉ်ရေးဆွဲခြင်း

၁။ မဲဆွဲခြင်း ။ ကိုယ်အလေးချိန်ယူခြင်းနှင့် ဆေးစစ်ခြင်းပြုလုပ်ပြီးသည့်အခါတွင်မှ ‘မဲဆွဲခြင်း’ ကို ပြုလုပ်ရမည်။ မဲဆွဲခြင်းကို အသင်းများအား တရားဝင်ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၏ရှေ့မှောက်တွင် ပြုလုပ်ရမည်။ တတ်နိုင်သည့်အခါတိုင်းတွင် အခြားသောပြိုင်ပွဲဝင်များက တစ်ကြိမ်မှမထိုးရသေးဘဲ မည်သည့် ပြိုင်ပွဲကိုမှ နှစ်ကြိမ်ထိုးသည့်အခြေအနေမျိုးမဖြစ်စေရန် သတိပြုရမည်။ ထူးခြားသောအခြေအနေမျိုးတွင် အဖွဲ့ချုပ်မှ အမှုဆောင်အဖွဲ့သည် ထိုအချက်ကို ခြွင်းချက်ဖြင့် သွေဖီဆောင်ရွက်ခွင့်ရှိသည်။ မဲဆွဲခြင်းကို ပထမ အဆင့်ပွဲစဉ်များတွင် ယှဉ်ပြိုင်ရမည့်လက်ဝှေ့သမားအတွက် ဦးစွာဆွဲပြီးမှ ‘ဘိုင်’ ရသူများအတွက် ဆွဲရမည်။
၂။ ‘ဘိုင်’ ပေးခြင်း ။ ယှဉ်ပြိုင်သူ (၂)ယောက်ထက်ပိုမိုသော ယှဉ်ပြိုင်ပွဲများတွင် ဒုတိယအဆင့်ပွဲစဉ်များ၊ ပွဲယှဉ်ပြိုင်သူအရေအတွက်ကို (၄း၈း၁၆) သို့ (၃၂)သို့ ရောက်ရှိရန် ပထမအဆင့်ပွဲစဉ်များတွင် လုံလောက်သော ‘ဘိုင်’ အရေအတွက်များကို မဲဆွဲခြင်းထားရှိရမည်။ ပထမအဆင့်ပွဲစဉ်များတွင် ‘ဘိုင်’ ရရှိသော ယှဉ်ပြိုင်သူများသည် ဒုတိယအဆင့်ပွဲစဉ်များတွင် ပထမဦးဆုံး ယှဉ်ပြိုင်ရမည်။ အကယ်၍ ‘ဘိုင်’ အရေတွက်သည် ‘မ’ ဂဏန်းဖြစ်နေခဲ့ပါလျှင် နောက်ဆုံး ‘ဘိုင်’ နေရာအတွက် မဲကျသောလက်ဝှေ့သမားသည် ပထမအဆင့်ပွဲစဉ်၏ ပထမပွဲမှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင်ထိုးရမည်။ ‘ဘိုင်’ အရေတွက်သည် ‘စုံ’ ဂဏန်းဖြစ်သည့်အခါ ‘ဘိုင်’ ရရှိသော လက်ဝှေ့သမားများသည် ယင်းတို့အတွက် မဲကျသည့်အစီအစဉ်အရ ဒုတိယအဆင့်တွင် လက်ဦးပွဲများ၌ ယှဉ်ပြိုင်ကြရမည်။
မည်သည့်ယှဉ်ပြိုင်သူမှ ပထမအဆင့်ပွဲစဉ်တွင် ‘ဘိုင်’ ရရှိပြီး၊ ဒုတိယအဆင့်ပွဲစဉ်တွင် မထိုးဘဲ အနိုင်ရခြင်း (သို့) နှစ်ကြိမ်ဆက်၍ မထိုးဘဲ အနိုင်ရခြင်းမျိုးမဖြစ်ရေ။ ဤကဲ့သို့သော အခြေအနေမျိုးပေါ်ပေါက်ခဲ့ပါက ထိုအဆင့် ပွဲစဉ်တွင် ကျန်ရှိနေပြီး စောစောပိုင်းပွဲစဉ်များတွင် ‘ဘိုင်’ (သို့) မထိုးဘဲ အနိုင်ရရှိခြင်း၊ အခွင့်အရေးမရှိသောသူ လက်ဝှေ့သမားအတွက် အသစ်တစ်ဖန် မဲဆွဲခြင်း ပြုလုပ်ပေးရမည်။ ပထမမဲဆွဲခံရသော လက်ဝှေ့သမားသည် စောစောပိုင်းပွဲစဉ်တွင် ‘ဘိုင်’ (သို့) မထိုးဘဲ အနိုင်ရခဲ့သူလက်ဝှေ့သမားနှင့် ရင်ဆိုင်စေပြီး မဲဆွဲခြင်းကို သာမန် နည်းလမ်းများအတိုင်း ဆက်လက်၍ ပြုလုပ်သွားရမည်။
၃။ ပွဲစဉ်ဇယားအစီအစဉ်ရေးဆွဲခြင်း ။ လက်ဝှေ့ပြိုင်ပွဲများတွင် ပြိုင်ပွဲဇယားများ စီစဉ်ရေးဆွဲခြင်းကို ကိုယ်အလေးချိန်အလိုက် အငယ်ဆုံးအတန်းများအား ဦးစွာယှဉ်ပြိုင်စေပြီး၊ ပို၍လေးသော ကိုယ်အလေးချိန်တန်းများကို အစီအစဉ်အလိုက် အလေးချိန်အတန်းမှ နောက်ဆုံးယှဉ်ပြိုင်ရေစေရန် အတတ်နိုင်ဆု့း စီစဉ်ရမည်။ နောက်တစ်ဆင့်ပြိုင်ပွဲများတွင်လည်း ပါဝင်နေပါက ပထမအဆင့်အကြီးတန်းယှဉ်ပြိုင်ပြီးမှ နောက်အဆင့်၏ အငယ်ဆုံးအတန်းများအား ပြန်လည်ရေးဆွဲခြင်း စသည်ဖြင့် ပြုလုပ်သွားရမည်။

 

အခန်း (၈)
ပတ်တီးအသုံးပြုခြင်း

၁။ အသုံးပြုသောပတ်တီးသည် ကြမ်းလွန်းခြင်း၊ ထူလွန်းခြင်းမရှိဘဲ ဆေးရုံသုံးပတ်တီးကိုသာ အသုံးပြုရမည်။
၂။ ပတ်တီးသည် ၂ လက်မ ဗျက်ရှိပြီး အလျား ၂၀ ပေ မပိုစေရ။
၃။ ပတ်တီးကို ခိုင်မြဲစွာချည်နှောင်ထားရမည်။ ပတ်တီးအစကို ပလပ်စတာနှင့် ကပ်နိုင်သည်။
၎။ ပတ်တီးပေါ်၊ ပတ်တီးတိုင်းတွင် ပြိုင်ဘက်အား မသမာသောနည်းဖြင့် ထိခိုင်စေရန် မည်သည့်ပစ္စည်းမျိုးမှ ထည့်သွင်းခြင်း၊ လိမ်းကျံခြင်းမပြုစေရ။
၅။ ပလာစတာသုံးလိုပါက ချည်နှောင်ထားသော လက်ကောက်ဝတ်ပေါ်တွင်သာ ပတ်တီးပြေမကျရန် အလျား (၃)လက်မမှ (၇.၆)စင်တီမီတာ၊ အနံ (၁)လက်မမှ (၂.၅)စင်တီမီတာရှိ ပလာစတာဖြင့် ကပ်ထားနိုင်သည်။
၆။ အဆင့်မြင့်ပြိုင်ပွဲများတွင် ပြိုင်ပွဲကျင်းပရေးကော်မတီသည် လိုအပ်သည့်ပတ်တီးများကို လိုအပ်သလောက် အသင့်ပြင်ဆင်ပြီး အားကစားသမားတိုင်းအား သုံးစွဲစေရမည်။
၇။ ပတ်တီးတွင် မူးမေ့စေတတ်သော ဆေးဝါးများနှင့် ပူစပ်၍ တစ်ဖက်ကစားသမားအား အန္တရာယ်ဖြစ်စေနိုင်သော ဆေးများ သုတ်လိမ်းခြင်းမပြုရ။
၈။ ပတ်တီးအောက်ခံတွင် မာကြောသောအခုအခံပစ္စည်းများ ထည့်သွင်းထားခြင်းမပြုလုပ်ရ။

 

အခန်း (၉)
နည်းပြနှင့်အကူလူများ၏ ၀တ္တရားများ

 

၁။ ရိုးရာလက်ဝှေ့သမားတစ်ဦး ယှဉ်ပြိုင်ရာတွင် အကူ (၃)ယောက် ကြိုတင်စာရင်းပေးသွင်း၍ လိုက်ပါဆောင်ရွက်ခွင့်ရှိသည်။ လူလဲဆောင်ရွက်ခွင့်မပြု၊ အကူလူ (၂)ဦး ကြိုးဝိုင်းတွင်းဝင်နိုင်ပြီး (၁)ဦးသာ အောက်မှ ကူရမည်။
၂။ ပြိုင်ပွဲ တရားဝင်ရပ်နားချိန်ရရှိမှသာ အကူလူသည် ကြိုးဝိုင်းအတွင်းသို့ တက်ရောက်စေပြီး ယှဉ်ပြိုင်နေချိန်တွင် မိမိတို့ကြိုးဝိုင်းဒေါင့်ရှိ သတ်မှတ်နေရာတွင် ထိုင်နေကြရမည်။ အကူလူများသည် ဘောင်းဘီဝတ်ဆင်၍ မျက်နှာသုတ်ပ၀ါဖြင့်သာ ပြုစုခွင့်ပြုမည်။
၃။ ကြိုးဝိုင်းရှင်းလင်းရန် ဒိုင်လူကြီးမှကြေငြာလျှင် ရေပုံး၊ ရေဘူး၊ ထိုင်ခုံအားလုံး ရှင်းလင်းရမည်။
၎။ အကူလူများသည် မိမိလက်ဝှေ့သမားအား လက်ရည်မမျှ၍ အရှုံးပေးလိုလျှင် တဘက် (သို့) ရေမြှုပ်တုံးကို ကြိုးဝိုင်းထဲသို့ပစ်တင်၍ အရှုံးပေးနိုင်သည်။ သို့ရာတွင် အလဲထိုးခံရ၍ ဒိုင်လူကြီးမှ အမှတ်စဉ် ရေတွက်ချိန် တွင်မူ ခွင့်မပြုပေ။
၅။ နည်းပြနှင့်အကူလူများသည် မိမိတို့အားဖိတ်ခေါ်သော အစည်းအဝေးများတွင်တက်ရောက်၍ မရှင်းလင်းသည်များကို တရားဝင်မေးမြန်းနိုင်သည်။ ဥပဒေနားလည်သူကိုသာ အကူလူအဖြစ် ထားရမည်။
၆။ ပြိုင်ပွဲထိုးနေစဉ်အတွင်း မိမိလက်ဝှေ့သမားအား လက်ဖြင့်ထိခြင်း၊ ရေဖြင့်လောင်းခြင်း၊ ကြမ်းပြင် လက်ဖြင့် ပုတ်ခြင်းမပြုရ။
၇။ နည်းပြနှင့် အကူလူများသည် ဥပဒေစည်းကမ်းနှင့် လိုက်လျောညီထွေ နေထိုင်ပြုမူရမည်။ အားကစားသမား များကို စည်းကမ်းတကျ စီမံအုပ်ချုပ်နိုင်ရမည်။ ဒိုင်လူကြီး၏ညွှန်ကြားမှုကို နာခံရမည်။ မလိုက်နာပါက ကြိုးဝိုင်း အတွင်းမှ ထုတ်ပစ်ပြီး လိုအပ်သလို ဆက်လက်အရေးယူပိုင်ခွင့်ရှိသည်။ မိမိတို့ကြောင့် အားကစားပြိုင်ပွဲ အရှုံးအနိုင်ကိုပါ ပြစ်ဒဏ်ပေးပိုင်ခွင့်ရှိစေရမည်။
၈။ နည်းပြနှင့်အကူလူများ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အရက်မူးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲထားခြင်း လုံးဝမရှိစေရ။
၉။ အကူလူမှ တာဝန်ကျဒိုင်လူကြီးများအား ကိုယ်နှုတ်အမူအယာဖြင့် ကန့်ကွက်ပြောဆိုခြင်း လုံးဝခွင့်မပြု။
၁၀။ အကူလူများ ဘောင်းဘီဖြင့် ပြုစုရမည်။ ကြိုးဝိုင်းပေါ်တွင် ဖိနပ်စီးခွင့်မပြုပါ။
၁၁။ အကူလူ (၃)ဦးသည် (Waist Coat) ကို ၀တ်ဆင်ထားရမည်။

 

အခန်း (၁၀)
ပြစ်ဒဏ်သတ်မှတ်ခြင်း

 

၁။ ကိုက်ခြင်း၊ မျက်စေ့နှိုက်ခြင်း၊ တံတွေးသွေးများဖြင့် ထွေးခြင်း၊ ထိခြင်း (၃)ပါးနှင့် လဲကျသွားသူအား တမင် တိုက်ခိုက်ခြင်း၊ ဆံပင်ဆွဲခြင်း၊ ပါးရိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း ခွင့်မပြုပါ။
(ကျောကျကျောမြေထိ၊ ရင်ကျရင်မြေထိ၊ ဘေးကျဘေးမြေထိရမည်)
၂။ မအားကို တမင်သက်သက်ရည်ရွယ်၍ ကန်ခြင်း။
၃။ ဒိုင်လူကြီးမှ ရပ်ရန်အမိန့်ပေးထားလျက် ဆက်လက်တိုက်ခိုက်ခြင်း။
၎။ ဒိုင်လူကြီးကနောက်ဆုတ်ရန် အမိန့်ပေးထားလျက် ဆက်လက်တိုက်ခိုက်ခြင်း။
၎။ ဒိုင်လူကြီးများနှင့် ပွဲကြည့်ပရိသတ်အား မထေ့မဲ့မြင်ပြုမူခြင်း။
၅။ အားကစားသမားသည် အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲပါက ယှဉ်ပြိုင်ခွင့်မပြု။
၆။ အားကစားသမားသည် အရက်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲပါက ယှဉ်ပြိုင်ခွင့်မပြု။
၇။ ပြိုင်ပွဲ-ပွဲစဉ်တွင်ပါဝင်သော အားကစားသမားသည် မိမိပွဲစဉ်အတွက် အဆင်သင့်ရှိနေရမည်။
၈။ ပြိုင်ပွဲတွင် ကြိုးတန်းကိုလှည့်ကိုင်အိပ် ခိုကပ်ခြင်းမပြုရ။ ကြိုးတန်းကိုင်၍ ထိုး/ခတ်/ကန် တိုက်ခိုက်ခြင်း ခွင့်မပြု။ လက်တား၊ ခြေတားခြင်းတို့မပြုလုပ်ရ၊ ထိုကဲ့သို့ပြုလုပ်ချိန်တွင် ဆက်လက်ထိုးသတ်၍ အလဲထိုး ခံရလျှင် ထိုအလဲထိုးမှုသည် တရားဝင်ဖြစ်သည်။
၉။ လက်ဝှေ့ယှဉ်ပြိုင်နေစဉ်အတွင်း လက်ဝှေ့သမားအချင်းချင်း ဆဲရေးတိုင်းထွာခြင်းမပြုရ။
၁၀။ လက်ဝှေ့သမားတစ်ဦးသည် လက်ဝှေ့မထိုးဘဲ လှည့်ပတ်ပြေးနေခြင်း၊ ထိုးအိပ်ခတ်အိပ်လုပ်နေခြင်းကို အရေးယူသတိ (၃)ကြိမ်ပေးသော်လည်း ဆက်လက်ကျူးလွန်နေလျှင် ကြောက်ရှုံးအဖြစ် သတ်မှတ်နိုင်သည်။ ကြိုးဝိုင်းဒိုင်မှ ထုတ်ပယ်ပစ်နိုင်သည်။
၁၁။ ယှဉ်ပြိုင်ဘက် ကြမ်းပြင်ပေါ်လဲကျစဉ် ဒူး၊ တံတောင်များကို ရည်ရွယ်ချက်ဖြင့် လဲကျသူကစားသမားအပေါ် အနာတရဖြစ်ရန် လှဲချခြင်း။

အခန်း (၁၁)
တားမြစ်ဆေးသုံးစွဲခြင်းဆိုင်ရာဥပဒေ

၁။ အားကစားသမားတစ်ဦးသည် ပြိုင်ဘက်ထက် စွမ်းရည်သာစေရန် ခံနိုင်ရည်ပိုကောင်းစေရန် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများကို သုံးစွဲခြင်းခွင့်မပြုပါ။
၂။ အကယ်၍ ထိုကဲ့သို့ ကျူးလွန်ကြောင်း ပြိုင်ပွဲပြီးဆုံးမှ စစ်ဆေးတွေ့ရှိသည့်တိုင် အရေးယူခြင်းကို ဆက်လက် ခံရမည်။
၃။ တားမြစ်ဆေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူဆရာဝန်အဖွဲ့က စစ်ဆေးမှုသာအတည်ဖြစ်သည်။
၎။ မိမိအသင်းမှ ကစားသမား၏ အားနည်းချက်ကိုဖုံးကွယ်၍ နစ်နာသူကစားသမားအဖွဲ့မှ တိုင်ကြားလျှင် အဖွဲ့ချုပ်မှ ကြားနာစစ်ဆေးအရေးယူပိုင်ခွင့်ရှိသည်။
၅။ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်သည် ညွှန်ကြားချက်များကို လိုအပ်သလို ထုတ်ပြန်နိုင်သည်။

 

အခန်း (၁၂)
အနိုင်အရှုံး အဆုံးအဖြတ်

၁။ ပြိုင်ပွဲများကို အလဲထိုးစနစ်ဖြင့် ကျင်းပမည်။
၂။ လက်ဝှေ့ပြိုင်ပွဲ-ပွဲစဉ်များကို အမှတ်ပေးစနစ်ဖြင့် ကျင်းပမည်။
၃။ အမှတ်ပေးဒိုင်လူကြီးများကို ဒေသန္တရအခြေအနေအရ (၅)ဦး (သို့) (၃)ဦးဖြင့် ပြိုင်ပွဲကျင်းပမည်။
၎။ ခုံသမာဓိအဖွဲ့မှကြီးကြပ်ပြီး ကြိုးဝိုင်းဒိုင်၊ အမှတ်ပေးဒိုင်၊ အချိန်မှတ်ဒိုင်၊ ကြေငြာရေးမှူး စသည်တို့ကို
စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၅။ အမှတ်ဖြင့်နိုင်ခြင်း။ W.P. (Win by Point)
၆။ အလဲထိုးဖြင့်နိုင်ခြင်း။ Ko. (Win by Knockout)
၇။ ဒိုင်ပွဲရပ်ဖြင့်နိုင်ခြင်း။ Rsc. (Reefed stop the contact)
(က) လက်ရည်မမျှ၍နိုင်ခြင်း။ R.S.X Oc. (Out class)
(ခ) ဒဏ်ရာအနာတရဖြစ်၍နိုင်ခြင်း R.S.C Inj (Injury)
(ဂ) ရေတွက်ခြင်းကန့်သတ်ချက်ဖြင့်နိုင်ခြင်း။ R.S,C Cetl (Count Limit)
၈။ ထုတ်ပယ်၍ ပစ်၍နိုင်ခြင်း။ Disq (Disqualification)
၉။ ဆက်လက်မယှဉ်ပြိုင်၍ နိုင်ခြင်း။ Rel (Retried)
၁၀။ လာရောက်မယှဉ်ပြိုင်၍ နိုင်ခြင်း။ Wo (Win by Walkover)
၁၁။ ကစားသမားတစ်ဦးသည် ယှဉ်ပြိုင်ထိုးသတ်နေသည့်အချိန်အတွင်း အမှတ်စဉ် (၄)ကြိမ် ရေတွက်ခံရပါက အရှုံးဟု သတ်မှတ်မည်။ (ရေတွက်ခြင်းကန့်သတ်ခြင်းဖြင့်နိုင်ခြင်း။ R.S,C Cetl Count Limit)
၁၂။ (၁)ချီအတွင်း အမှတ်စဉ် (၃)ကြိမ်ရေတွက်ခံရပါက အရှုံးဟု သတ်မှတ်ရမည်။
၁၃။ ပြိုင်ပွဲကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ လိုက်နာကျင့်သုံးလျက်ရှိသည့် ရိုးရာလက်ဝှေ့ဥပဒေများ အတိုင်း ကျင်းပမည်။
၁၄။ မည်သည့်ပွဲစဉ်တိုင်းမဆို ခုံသမာဓိအဖွဲ့၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။

မှတ်ချက် ။ အမှတ်ဖြင့်ဆုံးဖြတ်သောပြိုင်ပွဲများတွင် ယှဉ်ပြိုင်ထိုးသတ်နေစဉ် ကစားသမားတစ်ဦးဦး သွေးထွက် သံယိုဒဏ်ရာအနာတရကြီးစွာရရှိပါက ဦးစွာ ပွဲကို ခေတ္တရပ်နားစေပြီး၊ ကြိုးဝိုင်းဆရာဝန်နှင့် ပြသ စစ်ဆေးစေကာ ကြိုးဝိုင်းဆရာဝန်မှ ဆက်လက်ထိုးသတ်ရန်မသင့်ဟု သတ်မှတ်ပါက ယှဉ်ပြိုင်ထိုးသတ်နေသည့်အချီသည် ပထမအချီတွင်ဖြစ်ပါက ဒဏ်ရာရရှိသူအရှုံးဟု သတ်မှတ်ရမည် ဖြစ်ပြီး၊ ပထမအချီတွင်မဟုတ်ဘဲ ဒုတိယအချီမှစ၍ ပဉ္စမအချီအတွင်းဖြစ်ပါက အနိုင်အရှုံးသတ်မှတ် ချက်ကို အမှတ်ဖြင့်ဆုံးဖြတ်စေရမည်။

အခန်း (၁၃)
နောက်ကောက် (Knock out) ဥပဒေ

– လက်ဝှေ့သမားတစ်ယောက်သည် လက်ဝှေ့ပွဲစထိုးသည့်အချိန်မှ မည်သည့်အချီတွင်ဖြစ်စေ (Ko) အထိုး ခံရပြီး၊ အနားတောင်း၍ ဒုတိယအကြိမ် ထပ်မံ (Ko) အထိုးခံရပြီး ပွဲပြီးဆုံးခဲ့ပါက (၃)လ အနားပေးရမည်။
– အမှတ်ပေးပွဲဖြစ်လျှင် ပထမအချီ (Ko) ဖြင့် အလဲထိုးခံရပါက (၁)လ နားရမည်။ (သို့မဟုတ်) အမှတ်ရေတွက် ခံရပြီး ပွဲစဉ်တလျောက် (၄)ချီလုံး အမှတ်ရေတွက်ခံရပါက (၃)လ နားရမည်။
– တစ်ချီအတွင်း အမှတ်စဉ် (၃)ကြိမ် ရေတွက်ခံရပြီး ရှုံးနိမ့်ခဲ့ပါကလည်း (၃)လနားရမည်။

© 2019~2020. All Right Reserved by Myanmar Traditional Boxing Federation (Lethwei)